သီလ
သီလတရားရဲ့
ဂုဏ်ကျေးဇူး
စာဂါနုဿတိဆိုတဲ့ အဲဒါ ဗဟိဒ္ဓအပိုင်းရောက်သွားတော့ အဇ္ဈတ္တ-ကိုယ်ထဲ နှလုံးသွင်းကြစို့ ဆိုလို့ရှိရင် မိမိရဲ့ကိုယ်ထဲမှာ အလေးအနက် နှလုံး မသွင်းနိုင်သေးရင် မိမိ ကျင့်သုံး အပ်သော သီလတရားကို နှလုံးသွင်း၊ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို မပြတ်မပြတ် မိမိရဲ့သီလတရားကို မပြတ် မပြတ် ဆင်ခြင်ပြီးတော့ပေး၊ အဲဒါဟာ သီလာနုဿတိ ခေါ်တယ်။
သီလဖြူစင်အောင် စောင့်ထိန်းထားပြီးတော့ ထိုသီလ ဂုဏ်ကျေးဇူးကို မပြတ်မပြတ် ဆင်ခြင်ပြီးတော့ပေးရမယ်၊ ဒီတော့ သီလဂုဏ်ကျေးဇူး ဆင်ခြင်ပုံလေးနဲ့ ပတ်သက်လို့ ဘုန်းကြီး ဂါထာလေးတစ်ပုဒ် ထုတ်ထားခဲ့မယ်။
သီလံ သဂ္ဂဿ သောပါဏံ၊
အညံ သီလသမံ ကုတော။
ဒွါရံ ဝါပန နိဗ္ဗာန၊
နဂရဿ ပဝေသနေ။
သီလံ = သီလတရားဆိုသည်ကား။
သဂ္ဂဿ = နတ်ရွာသုဂတိရဲ့။
သောပါဏံ = စောင်းတန်း လှေကားသဖွယ်လည်း ဖြစ်ပါပေ၏။
နတ်ရွာသုဂတိတက်ဖို့ရန် စောင်းတန်းကြီးဟာ ဪ ငါကျင့်သုံးထားတဲ့ သီလဟာ နတ်ပြည် တက်ဖို့ စောင်းတန်းကြီးပါတကား။ အမြဲတမ်း နှလှုံးသွင်းပြီးတော့အားရပါးရ -
အညံ သလီသမံ ကုတော၊
သလီသမံ = သီလနှင့် တူသော (ဝါ) နတ်ရွာသုဂတိ တက်ဖို့ရန် စောင်းတန်းနှင့် တူသော။
အညံ = အခြားတစ်ပါးသည်။
ကုတောနတ္ထိ = အဘယ်မှာ ရှိပါ့မလဲ။
နတ်ပြည်တက်ဖို့ လှေကား ထောင်ကြစို့ ဆိုလို့ရှိရင် ဪ - ငါ ကျင့်သုံးထားတဲ့ သီလမှတစ်ပါး နတ်ပြည် တက်ဖို့ စောင်းတန်းလှေကား မရှိပါတကား၊ ငါ့သီလသည် နတ်ပြည် တက်ဖို့ရန် စောင်းတန်း လှေကား ထောင်ပြီးသား ပါပဲလို့ ကိုယ့်ရဲ့ သီလဂုဏ်ကို မပြတ်မပြတ် နှလုံးသွင်းပြီးတော့ နေပါ။
ဒွါရံ ဝါပန နိဗ္ဗာန၊ နဂရဿ ပဝေသနေ။
နိဗ္ဗာန နဂရဿ = နိဗ္ဗာန်ဆိုတဲ့ရွှေမြို့တော်ကြီးကို။
ပဝေသနေ = ဝင်ရောက်ရာ၌လဲပဲ။
သီလံ = ငါ ကျင့်သုံးပြီးတော့နေတဲ့ သီလတရားတွေဟာ။
ဒွါရံ ဝါပန = တံခါးပေါက်ကြီး သဖွယ်လည်း ဖြစ်ပါပေ၏။
နိဗ္ဗာန်ဆိုတဲ့ ရွှေမြို့တော်ကြီးကို သွားဖို့ရန်အတွက် ငါစောင့်သုံးထားတဲ့ သီလတရား တွေဟာ ပထမ တံခါးပေါက်ကြီးပဲ။
နိဗ္ဗာန် ရွှေမြို့တော်ကြီး ဝင်ရောက်ဖို့ရန် ပထမတံခါးပေါက်ကြီး ဖြစ်တယ်လို့။
မိမိသီလရဲ့ ဂုဏ်ကျေးဇူး၊ ဂုဏ်သတ္တိတွေကို အဲဒီလို မပြတ်မပြတ် နှလုံးသွင်းပြီးတော့ အပ္ပမာဒ တရားနဲ့နေတာ။ အဲဒါ အသက်ရှည်ခြင်းရဲ့ အကြောင်း။
.
စာညွှန်း -
အပ္ပမာဒတရားတော် - သဲကုန်းဆရာတော် အရှင်ဉာဏိဿရ (သပိတ်အိုင်)
.
အပ္ပမာဒတရားတော် (PDF - 420 KB)
https://app.box.com/s/x9dnr81whjbq05mo5mm9ymlkvmuimshw
Comments
Post a Comment