စကား
၁။ မုသာဝါဒ = မမှန်၊ အကျိုးမရှိ၊ မနှစ်သက်။
၂။ ပိသုဏ = မှန်၊ အကျိုးမရှိ၊ နှစ်သက်။
၃။ ဖရုသ = မှန်၊ အကျိုးမရှိ၊ မနှစ်သက်။
၄။ သမ္ဖပ္ပလာပ = မမှန်၊ အကျိုးမရှိ၊ နှစ်သက်။
၅။ သမ္မာဝါစာ = မှန်၏၊ အကျိုးရှိ၊ မနှစ်သက်။
၆။ သမ္မာဝါစာ = မှန်၏၊ အကျိုးရှိ၊ နှစ်သက်။
အမှန်တွေပြောကြရာဝယ် -
မှန်တာပြောခြင်းသာ တူသလိုရှိသော်ငြားလဲ
'မှန်တာပြော သစ္စာ'လို့ ဆိုနိုင်သလို၊
'မှန်တာပြော ပိသုဏ'လို့လည်း ဆိုနိုင်ပြန်၏။
ထူးခြားချက်က -?
၁။ ကိုယ့်အကြောင်းကို အမှန်ပြောရင် သစ္စာ၊
၂။ သူ့မကောင်းကြောင်း အမှန်ပြောရင် ပိသုဏ၊
အဲဒါဟာ သစ္စာနဲ့ ပိသုဏတို့ရဲ့ခြားနားချက်ပါ။
"မှန်တာပြောတာပဲ အပြစ်မဖြစ်ပါဘူး"ဆိုပြီး
သူများမကောင်းကြောင်းတွေ, သူများအတင်းတွေ
ပြောနေမယ်ဆိုလျှင် ပိသုဏဝါစာကံ ငြိစွန်းသွားနိုင်သည်...
မကောင်းသောစိတ်ထား ထားရှိကာ
ကိုယ့်ဘက်ပါလိုသောညာဉ်ဖြင့် နှစ်ဦးကြား
ကွဲပြားလို၍ပြောရင် ပိသုဏကံငြိနိုင်ပါသည်။
'သွေးခွဲစကား၊ ကွယ်တပါး၊ ပြောကြား ပိသုဏ'
သစ္စာပါရမီအနေနဲ့ကြည့်ရင် 'သစ္စာ'ဟူသည်
'အပြောနဲ့အလုပ် ညီတာကို သစ္စာခေါ်၏'ဟု
အနှိုင်းမဲ့ဗုဒ္ဓ ရေး ဆရာကြီးဦးရွှေအောင်ရဲ့
ရေးသားတင်ပြချက်ကို သတိရသင့်၏။
"မှန်တာပြောတာပဲ အကုသိုလ်မဖြစ်ပါဘူး"လို့
အရပ်ထဲရွာထဲ တခါတရံ ပြောကြလေ့ရှိတယ်၊
အဲဒီမှာ သူတို့မသိရှာကြတာက 'ပိသုဏဝါစာ၊
ဖရုသဝါစာ'ဆိုသော ဝစီဒုစရိုက် (၂)ခွန်းဟာ
မှန်တဲ့စကားခွန်းတွေ ဖြစ်ကြတယ်ဆိုတာကို
မသိရှာကြတာပဲ။
မုသာဝါဒကံ = မမှန်တဲ့၊ လိမ်ညာစကားကြောင့်
ငရဲကျရောက်သွားနိုင်သလို ပိသုဏဝါစာကံ =
မှန်ကန်တဲ့ ကုန်းစကားကြောင့် ငရဲကျရောက်သွား
နိုင်တာလည်း ရှိတာကို အထူးသတိပြုဖို့ကောင်းပါတယ်။
အဖြောင့်သဘောနဲ့ ပြောရရင် မှန်တာပြောတဲ့
သစ္စာစကားကြောင့် နတ်ပြည်ရောက်သူဦးရေက
နည်းပါးတယ်၊ မှန်တာပြောတဲ့ ပိသုဏဝါစာကံကြောင့်
ငရဲကျရောက်သူဦးရေက အလွန်များတယ်။
သစ္စဝါစာနဲ့ ပိသုဏဝါစာ တို့ဟာ
မှန်တာချင်းချင်းသာ တူညီနေကြပေမဲ့၊
စိတ်ထားချင်းချင်းက မိုးနဲ့မြေ ကွားခြား၍
လားရာချင်းကလည်း မိုးနဲ့မြေ ဖြစ်ကြတယ်။
အထက်ပါ စကားခွန်း( ၆ )ခွန်းနှင့်စပ်၍
သုဂတောဂုဏ်တော်အဖွင့်ဖြစ်သော
ဝိနည်းပိဋကတ် ပါရာဇိကကဏ္ဍအဋ္ဌကထာ
(ဝိ၊ ၁၊ ဋ္ဌ၊ ၁။ ၈၉။)၌ ပြဆိုထားရှိသည်ကို
သရူပတ္ထလျော်စွာ ဂဏန်းစီ၍ကြည့်လျှင်
'မုသာဝါဒ ဝစီဒုစရိုက်'
၁။ အဘူတံ, အတစ္ဆံ = မဟုတ် မမှန်၊
အနတ္ထသံဟိတံ = အကျိုးမရှိ၊
အပ္ပိယာ အမနာပါ = မချစ် မနှစ်သက်ဖွယ်။
'ပိသုဏဝါစာ ဝစီဒုစရိုက်'
၂။ ဘူတံ, တစ္ဆံ = ဟုတ် မှန်၏၊
အနတ္ထသံဟိတံ = အကျိုးမရှိ၊
ပိယာ မနာပါ = ချစ် နှစ်သက်ဖွယ်၊
'ဖရုသဝါစာ ဝစီဒုစရိုက်'
၃။ ဘူတံ. တစ္ဆံ = ဟုတ် မှန်၏၊
အနတ္ထသံဟိတံ = အကျိုးမရှိ၊
အပ္ပိယာ အမနာပါ = မချစ် မနှစ်သက်ဖွယ်။
'သမ္ဖပ္ပလာပဝါစာ ဝစီဒုစရိုက်'
၄။ အဘူတံ, အတစ္ဆံ = မဟုတ် မမှန်၊
အနတ္ထသံဟိတံ = အကျိုးမရှိ၊
ပိယာ မနာပါ = ချစ် နှစ်သက်ဖွယ်။
'သမ္မာဝါစာ ဝစီသုစရိုက်'
၅။ ဘူတံ, တစ္ဆံ = ဟုတ် မှန်၏၊
အတ္ထသံဟိတံ = အကျိုးရှိ၏၊
အပ္ပိယာ အမနာပါ = မချစ် မနှစ်သက်ဖွယ်။
'သမ္မာဝါစာ ဝစီသုစရိုက်'
၆။ ဘူတံ, တစ္ဆံ = ဟုတ် မှန်၏၊
အတ္ထသံဟိတံ = အကျိုးရှိ၏၊
ပိယာ မနာပါ = ချစ် နှစ်သက်ဖွယ်။
ထို၌ဉာဏ်ကြီးရှင်များ တိုက်ဆိုင်ကြည့်ရှုနိုင်၊
ထို၏အရကို ထုတိဝန္ဒနာကျမ်း၌ ကြည့်ရှုရန်။
'မြန်မာ့စကားပုံ'
'စကားခြောက်ခွန်း၊ လူ၌ထွန်းလည်း၊
လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်လော့။
ကောက်ချက်တရပ်က -?၊ ထိုစကားခွန်း
(၆)ခွန်းထဲတွင် ရှေ့စကားခွန်း (၄)ခွန်းကို
မပြောသင့်ပါ၊ ပြောရင် ဝစီဒုစရိုက်ဖြစ်၍
ယုတ်ညံ့၏။
နောက်စကားခွန်း (၂)ခွန်းကိုသာ ပြောသင့်၏၊
ပြောရင် ဝစီသုစရိုက်ဖြစ်၍ မြတ်၏၊
သမ္မာဝါစာမဂ္ဂင် အကျင့်မြတ်လည်းမည်၏။
နံပါတ်စဥ်အတိုင်း ရှေ့ ၁/ ၂/ ၃/ ၄ စကားခွန်းတို့ကို
လူမိုက် သူယုတ်များကသာ ပြောကြပြီး၊ လူလိမ္မာ
သူမြတ်များက မပြောကြပါ။
နောက် ၅/ ၆ စကားခွန်းတို့ကို လူလိမ္မာ
သူမြတ်များကသာ ပြောကြပြီး၊ လူမိုက်
သူယုတ်များက မပြောကြပါ။
ထို ၅/ ၆ စကားခွန်းသည် ဘုရားရှင်၏ သုဂတောဂုဏ်ရည်များထဲ၌ ဂုဏ်ရည်တစ်ပုဒ်အနေ ပါဝင်လေ၏။
'ဝစီဘေဒ ထိတိုင်းရှ' ဆိုသည်၌ အထက်ပါ
ရှေ့စကားခွန်း (၄)ခွန်းကို ဆိုလိုသမှု ဖော်ညွှန်းပြု
ပါသည် (ဝစီ = စကား၊ ဘေဒ = အပြား + ဒုစရိုက်)
ဒုစရိုက်က ဒုဂ္ဂတိကို ပို့ဆောင်၍၊ သုစရိုက်က
သုဂတိကို ပို့ဆောင်စမြဲဖြစ်၏။
ဝစီဒုစရိုက် (၄)ခွန်းကို 'ရှောင်ရမည့် နှုတ် (၄)ခွန်း'
ဟု မှတ်ယူ၍၊ သမ္မာဝါစာ (၂)ခွန်းကို 'ဆောင်ရမည့်
နှုတ် (၄)ခွန်း'ဟု မှတ်ယူကာ ဘုရားအလိုတော်ကျ
စကားအလိမ္မာ နှုတ်တန်ဆာ ဆင်နိုင်စေဖို့
ဤစာစုဖြင့် သုတမျက်စဥ်း ပေးပို့လိုက်ပါကြောင်း။
မေတ္တာဖြင့် -
Credit
(23. 2. 2026)
ဝိစာရ (ကွေ့မ)
ဒက္ခိဏာရာမကျောင်းတိုက်၊

Comments
Post a Comment